ဆီးခဏခဏ သွားနေရတဲ့ အကြောင်းအရင်း
ဆီးကအောင့်ထားလိုပ မရအောင်ကို ဖြစ်နေတယ်။ သွားပြီးလို့မှ သိပ်မကြာသေးဘူး ထပ်သွားချင်နေတယ်။ ဆီးက ခဏခဏဆိုသလို သွားနေလို့ ခရီးသွားဖို့ နဲ့ အပြင်ထွက်ပြီး မိတ်ဆုံစားပွဲတွေ သွားဖို့တောင် အခက်တွေ့နေရတာမျိုးတွေ ဖြစ်နေပြီဆိုရင် ကျန်းမာရေးအခြေအနေ တစ်ခုခု ထိခိခု်ကနေတာဖြစ်နိုင်သလို နေ့စဉ်ဘဝရဲ့ နေထိုင်မှုပုံစံကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီအခြေအနေကို အသက်အရွယ်ရလာတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ပိုတွေ့ရနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ရလာလေလေ ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ အမျိုးမျိုးသော ဆီးနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်တာကြောင့်ပါ။
ဆီးခဏခဏ သွားချင်ရတဲ့ အကြောင်းအရင်းတွေက
- ဆီးအိမ်က အရမ်းကို အလုပ်လုပ်နေတာ - ဒါကအဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ ဆီးအိမ်က အရမ်းကို အလုပ်လုပ်နေပြီဆိုရင် တစ်နေ့တာမှာ ၈ ကြိမ်ထက်မနည်း ဆီးသွားတာကို ကြုံရနိုင်သလို ညအိပ်ချိန်မှာလည်း တစ်ကြိမ်မက ဆီးထသွားရတာမျိုး ရှိနိုင်ပါတယ်။
- ဆီးကျိတ်ကြီးနေတာ - ဒီအခြေအနေက အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေက အသက်ရလာချိန်မှာ ဆီးကျိတ်ကြီးတာကို ခံစားကြရပါတယ်။ ဒီလို ဆီးကျိတ် ကြီးလာချိန်မှာ ဆီးခဏခဏ သွားချင်နေတာ၊ ဆီးသွားရင် ကြာတာနဲ့အတူ ဆီးကျန်နေတယ်လို့ ခံစားတာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်
- ဆီးချိုရှိတာ - သွေးတွင်းသကြားဓာတ် မြင့်တက်တာက ရေငတ်စေပြီး၊ ရေမကြာခဏ သောက်ရင်းက ဆီးခဏခဏ သွားရတာကို ဖြစ်စေနိုင်ပါတယ်။
- လေဖြတ်တာ - လေဖြတ်ထားတဲ့အခါ ဦးနှောက်က ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်း နည်းသွားပြီး ဆီးခဏခဏ သွားတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
- ဆီးအိမ်နံရံ ရောင်ရမ်းနေတာ - ဆီးအိမ်နံရံ ရောင်ရမ်းနေတာက ဆီးအိမ်ကို နာကျင်စေပြီး ဆီးကျန်နေတာကို ခံစားရသလို ဆီး ခဏခဏ သွားချင်တာမျိုးလည်း ခံစားရနိုင်ပါတယ်။
- ရေသောက်များနေတာ - တစ်နေ့တာမှာ ရေကို တော်တော်များများ သောက်ဖြစ်တာ၊ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို အများကြီး စားဖြစ်တာကလည်း ဆီးခဏခဏ သွားချင်တာမျိုး ဖြစ်စေနိုင်ပါတယ်။
- ဆီးလမ်းကြောင်း ပိုးဝင်တာ - ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးသွားရင် သွေးပါတယ၊ ဆီးသွားရင် ပုသလို ကျဉ်သလို ခံစားရတာ၊ ဆီးခုံနာကျင်တာ၊ ပူစပ်ပူလောင် ခံစားရတာနဲ့အတူ ဆီးခဏခဏ သွားချင်တာကို ခံစားရနိုင်ပါတယ်။
- ဆီးအိမ်ကင်ဆာ - ဖြစ်ခဲပေမယ့် ဆီးအိမ်ကင်ဆာ ခံစားနေရမယ်ဆိုရင်လည်း ဆီးကို နည်းနည်းနဲ့ ခဏခဏ သွားတာမျိုး ဆီးခဏခဏ သွားချင်တာမျိုး၊ ဆီးခုံပိုင်းနဲ့ တင်ပါးဆုံးပိုင်း နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ဆီးခဏခဏ သွားချင်တာကို ခံစားရနိုင်ပါတယ်။ ဆီးခဏခဏ သွားချင်ရတာက သာမန် အကြောင်းအရင်းလေးတွေကနေစလို့ ကင်ဆာအထိ အမျိုးမျိုးသော အကြောင်းအရင်းတွေ ဖြစ်နိုင်တာကြောင့် ဆီးကပုံမှန်ထက် ခဏခဏ သွားချင်တာမျိုး ခံစားရမယ်ဆိုရင် သေချာလေး စစ်ဆေးမှု ခံယူပေးဖို့ တိုက်တွန်းချင်ပါတယ်။
မွန်မွန်